တစ်နေ့တာ
တွေ့ကြတော့လည်း အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ့
ဝို့ဝို့ဝေးဝေး အသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည် လက်ရှည် နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ် ။
မရဲပဲ ရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်
စာမျက်နှာကို သေနေတဲ့ ဗုံလို တီးခတ်ပြီး လက်ရုံးရေးပြတယ်
အဲဒီအချိန်မှာပဲ .. တော်တော့ .. တော်တော့ လို့
ကုလားအုတ်ကြီး တစ်ကောင်က အောက်အီးအီးဝင် “ အွတ်” တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ် ဆွေဖြစ် စကားဆက်များတယ်။
ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူ သီးခံထားရသလို ဘတ်စကားက ပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင် လုပ်လို့မရမှန်း သူမသိဘူး
စာရေးကြီးကလည်း ဒဿန ဟပြဲနဲ့ တစ်ခရီးစာနေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ နည်းနည်းနဲ့ကြဲကြဲတော့ စိတ်ညစ်တယ် .။
အိမ်ရောက်ပြီ
ကိုယ့်ကိုဖွင့်တဲ့သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
၁ ၁/၂ လ ရှိတဲ့သားကလေးက ‘ အေး … အေး ” လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ် ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ် ..
စိတ်ချသား
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ .. တခြား ဘယ်ကိုမှ မပြန်တော့ဘူး ….။ ။
တာရာမင်းဝေ
ကိုယ်ရေးကိုယ်တာ စာမေးပွဲ
အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအကျီ င်္နဲ့ပြန်ချုပ်တယ်
အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့။
စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။
တီ … တီ …တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့
“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..
ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မ ယဉ်သာ ..
ငါ့ရဲ့ သဲကန္တာရမှတ်စု
ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..
ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။
တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ် ..။
အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်. ..။ ။
ဒြပ်မဲ့လူ
အလင်းအလျဉ်နဲ့ ငါ ပျံသန်းသွားနေရဲ့
ဒါပေမယ့် ..
စကြဝဠာကြီးက ကျယ်လွန်းတော့
ဘယ်ကိုသွားသွားဘယ်ကိုမှ မရောက်ခဲ့သလိုပဲ …
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေသလိုလည်း ..
.. …. …… ခံစားရတယ်
အရွေ့သုညမှာ … ငါ … ကြွေကျပေးခဲ့ပါ့မယ်။ ။
အလကားလူတစ်ယောက်ရဲ့ စကား
တစ်ဘဝလုံး အရက်စော်နံသွားရတဲ့ အကြောင်းကတော့
ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုကိုယ် ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ။
ဟိုနေ့က ဘုံဆိုင်ထဲ ငုံ့အဝင် ..ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
၁၉၉၆ .. မိုးစက်တွေ ..တနင့်နင့် .. ဝေတယ် ..
အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင် ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို (၁၂)နာရီကောင်ကို ဘယ်သူကမှ အပေါင်မခံဘူး …
မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ကို ခါးတယ် ..။
ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။
ကြာခဲ့ပြီ
တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့ ..။
တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲ ခဲ့ပါဘူးကွယ်။
ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ
သံဝေဂ
ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
… အားနာလိုက်တာ..။
စီးကရက်ကို တဟွတ်ဟွတ် သောက်မိတာလား
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။
မေမေရေ ..
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတစ်ပွင့်ပါပဲ
ခုတော့..
လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ။
သေနေတဲ့ကဗျာ
လွမ်းတယ်
သက်တံရဲ့ အဲဒီဘက်အခြမ်းလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်။
စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ထခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်။
ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ။
ဝေးရမှာကို စပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီလမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်။
အရှုံးကို ဘယလို သဲကန္တာရတွေနဲ့ ခြယ်မှုန်းရမှာလဲ ပြောပါ။
ဝန်ခံပါတယ်
ဆောင်းမြ အမှုန်တွေကို တွေ့တိုင်း တလဲ့လဲ့ ပြေးကောက်
“ တစ်ခွက်တည်းပါ ” လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ။ ။
နဂါးချော့တေး
ကလူ ..... ကလူ လို့ ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ် “ခရူး...ခရူး” တဲ့
မရဏမင်းက နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....ငါ...
.ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက နည်းနည်းတော့ခါးတာပေါ့လေ…။
ဝေးသူ
စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့် တစ်နေ့တော့`` ဆိုတာ
ဘယ်တော့ပွင့်”မလဲလို့။
တန်ရာတန်ကြေး
နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲ့ဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။
သင်းကွဲသူများ (၁)
ဒီဆံမျှင်မှာ နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ ဟိုးမှာ ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
သင်းကွဲသူများ(၂)
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့် တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့ နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။
နွေခံစားမှု
အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။
သက်ပြင်းလောင်းသံ
ငါ...... ကြေကွဲနေပြီ ရင်ဘက်မှာလည်း
ဝိဥာဉ်ကျောက်သားတွေအက်ကွဲလို့..
.
ငါ....ဘယ်လိုလုပ်ရမလဲ
ပိတ်ထားတဲ့ ပန်းပွင့်ကိုကော ဘယ်လိုအလင်းနဲ့နမ်းမလဲ
အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော...
တကယ်ဆို
ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေချင်၊ သေချင်တော့တယ်....
ပင်လယ်ရေးတဲ့စာ
ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်
ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက ငါ့ကို ငြိမ်ငြိမ်လေးပဲ လက်ပိုက်ရပ်နေတဲ့....။
ကကြီး
အဖေ့ရဲ့မျက်နှာမှာ
အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့
အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း
ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့
အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့ လောကဓံရှစ်ပါးနဲ့ပိတယ်။
အဖေရယ်...... ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ်
အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း
အဲ့ဒီလို.....ကကြီးမျိုးတော့ ကျွန်တော် ရေးချင်ပါသေးတယ်။
တစ်ခွန်းစကား
ရနံကိုတော့ရတယ်
ဒါပေမယ့်....ငါ့ကိုမွှေးတာမဟုတ်
ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံမောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ ငါဟာ....သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်...။
နက္ခတ်ရစ်သမ်
ဗေဒင်ဟောသည်
“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။
သိဟ်ရာသီဝတ်ရုံ
အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။
မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
မုန်းတယ် …
သုညဝင်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ်။
ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ။
၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။
မုန့်ကြိတ်ဆုံလုပွဲ
ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။
အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)
သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…
ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် … နာတယ်.
လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ .. ငါ့အတွက် ဖြစ်ပါတယ်။
စုန်းတိုက်ခံရတဲ့နေ့
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။
ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။
No comments:
Post a Comment