တံငါသည် နဲ့ သူဋ္ဌေးကြီး တို့ရဲ့ ပုံပြင်
++++++++++++++++++++++
တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....
တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ
ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....
ဆေးပေါ့လိပ်လေး ဖွာ လိုက်
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...
အဲ့ဒီ အချိန်မှာပဲ
အပန်းဖြေ ခရီးထွက်လာတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...
လာရင်းနဲ့ သူဋ္ဌေးကြီးက
တံငါသည်ကို တွေ့တဲ့ အခါ
စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီး
စကား စ လိုက်တယ် ...
သူဋ္ဌေးကြီး ။ မောင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ ...
တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ...
တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ
သူဋ္ဌေးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား
တံငါသည် ။ ဟောဗျာ မနက်က လုပ်ပြီးပြီလေဗျာ
နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...
သူဋ္ဌေးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ်
ဒီ အချိန်မှာ နားမနေဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင်
မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...
တံငါသည် ။ ဟာဗျာ
ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...
သူဋ္ဌေးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...
တံငါသည် ။ ကဲ ဗျာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ
သူဋ္ဌေးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်....
လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ ..
ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...
တံငါသည် ။ ဟုတ်ပါပြီ
အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...
ဒီ တစ်ခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
သူဋ္ဌေးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ
ပိုက်ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့
မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ...
ငတုံး ရ ... မင်း က လည်း ဝေး ပ ....
တံငါသည်က သူဋ္ဌေးကြီးကို အ ရန် ကော ဆိုတဲ့
မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ်
ပြီး တော့ ဒီလို ပြောပါလေရော ...
တံငါသည် ။ ဟ ကျုပ်က မဝေးဘူးဗျ..
ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း..
သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ...
ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖျက်ဆီးမလား...
အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား...
ဆိုတာတွေ စိတ်ပူရင် ပူရမယ်...
ကျုပ်က အေးဆေးပဲဗျ...
ဘာမှ အပူ အပင် မရှိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင်
ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား ...
စကား အဆုံးမှာတော့ ....
သူဋ္ဌေးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ
ဆွံ့အ သွားလေရဲ့ ...
-----+++++-------+++++-------
ကဲဗျာ...စာဖတ်သူ မိတ်ဆွေက ပုံပြင်ကို ဒီမှာ ပြီးပြီ ထင်လို့လား..
ဒီမှာ ပြီးစေချင်တာလား....
ပြီးစေချင်ရင်လည်း ဆက်မဖတ်ဘဲ နေပေါ့ဗျာ...
ကျွန်တော် ပုံပြင်ကတော့ မပြီးသေးဘူးဗျ....
( ဒီမှာပြီးလိုက်ရင်
ကိုဇင်ဇေ ပုံပြင်ဟောင်းကြီး အဆန်းလုပ်ပြီး
ပြန်ပြောနေတယ် ပြောကြမှာပေါ့ဗျ ... )
ဆက်ဖတ်လိုက်ပါဦးဗျာ ...
.
.
.
.
.
.
.
.
.
သူဋ္ဌေးကြီး တစ်ယောက် တံငါသည်ကို
ဘာပြန်ပြောရမလဲ ရုတ်တရတ် မသိဖြစ်နေတုန်းမှာပဲ
အမျိုး သမီးတစ်ယောက် သောင်ပြင် တလျှောက် ပြေးလာတာတွေ့လိုက်ရတယ် ...
ပါးစပ်က နာမည် တစ်ခုကို လည်း တကြော်ကြော် အော်ရင်းနဲ့ပေါ့ ...
ကို ဖိုးပျင်း ရေ .... ကို ဖိုးပျင်း ရေ ...
တံငါသည် လှဲနေရာက လူးလဲ ထကြည့်တယ် ...
သူ့ မိန်းမ အသံကိုး ...
အဲ... မိန်းမ က ပြေးလာရင်း အနားရောက်တော့
အမောတကော ပြောတယ်...
မိန်းမ ။ ကိုရင် ရေ ကိုရင် ...
ကိုရင့် အမေကြီး ရုတ်တရတ် အမောဖောက်လို့ တော့...
ကျုပ်လည်း ဘာလုပ်ရမှန်းမသိလို့ ...
တံငါသည် ။ ဟ ဘာလုပ်ရမှာလဲဟ
ဆရာဝန် ခေါ်လေ ... ဆေးရုံတင်လေ ...
မိန်းမ ။ ဘာရှင့် ...
ရှင်ပြောတော့ လွယ်တာပေါ့..
ဘယ်မှာလဲ ပိုက်ဆံ...
တံငါသည် ။ ဟ ပိုက်ဆံ မရှိဘူးလားကွ..
မရှိ ရှိအောင် ရှာရမှာပေါ့ ...
အမေ့ကို ဒီ အတိုင်းထားလို့ ရ မလား ကွ...
မိန်းမ ။ ဘာရှင့် ...ကျွန်မက ဒီလို ရုတ်တရက်ကြီး ဘယ်က သွားရှာရမှာလဲ
စားလောက်ရုံ လောက် ရှာပြီး
အပျင်း တစ်နေတဲ့ ရှင်က
စုမိ ဆောင်းမိ ရှိလောက်အောင် ကျွန်မကို ရှာကျွေးတာမို့လို့လား ...
ဘယ်ပိုက်ဆံနဲ့
ရှင့် အမေကို ဆေးကုပေးမှာလဲ...
ဘယ်ဆရာဝန်က အလကား ကုပေးမှာလဲ...
ဘယ်ဆေးရုံက အလကား နေခိုင်းမှာလဲ...
ဆေးရုံသွားဖို့တောင် ဘယ်ကားဆရာက ခေါ်သွားပေးမှာလဲ ...
တစ်ယောက် တစ်လေ ကူညီကြတယ်ထား...
ကျန်တဲ့ အသုံး စရိတ်ကို ဘယ်လို ရှာကြမလဲ...
အဲ့ ကူညီမယ့် လူကိုရော ဘယ်က သွားရှာရမှာလဲ ...
.
.
.
.
.
ရုတ်တရက် ပါးစပ်က တရစပ် ပစ်လွှတ်လိုက်တဲ့
သူ့မိန်းမ ရဲ့ "လဲ..." မေးခွန်းတွေကို ကြားတော့
တအံ့တ သြ နဲ့ ပါးစပ် အဟောင်းသား ...
ဘာပြန်ပြောရမှန်းမသိဖြစ်သွားတဲ့လူက
ဒီ တခါ... ကို ရွှေ တံငါသည် ပေါ့ ....
.
.
.
တစ်ချိန်လုံး ပွဲကြည့် ပရိသတ် ဖြစ်နေခဲ့ရတဲ့
သူဋ္ဌေးကြီးက တံငါသည်ကို
" မောင်ရင် အခုတော့ သိပြီ မဟုတ်လား " ဆိုတဲ့ အကြည့်မျိုး နဲ့ ကြည့်တယ် ...
ပြီးတော့ သက်ပြင်း တစ်ချက်ချ ...
တစ်ခုခု ဆုံးဖြတ်လိုက်ဟန်နဲ့
သူ့ ရဲ့ အသပြာ အိတ် ရှိရာဆီ လက် ကို လှမ်းလိုက်တယ် ...
တံငါသည် နဲ့ သူ့မိန်းမတို့ကတော့
နောင်တ တွေ မျှော်လင့်ချက် တွေ ရောပြွန်းနေတဲ့
အကြည့်နဲ့ သူဋ္ဌေးကြီးရဲ့ လက် သွားရာကို
ငေး ....မော... ကြည့် ....နေရင်း.... နဲ့.... ပေါ့ ....
++++++++++++++++++++++++++++++++++++++
စာကြွင်း ။
ခင်ဗျားတို့ ကျွန်တော်တို့ ဘဝမှာရော
တံငါသည်လို လူတွေ များလား ...
သူဋ္ဌေးကြီးလို လူတွေများလား ...ဗျ
ကျွန်တော်တို့ ကိုယ်တိုင်ရော ဘယ်လိုလူတွေလဲ ?
အရေးကြုံမှ " အဖေ ကယ် ပါ ... အမေကယ်ပါ " တ ရ လောက်အောင်ပဲ...
ဘဝကို ပေါ့ပေါ့ပါးပါး ...
မပြင်မဆင် ဖြတ်သန်းသွားကြတာလားဗျ ...
ပျင်းရိခြင်းကို ရောင့်ရဲခြင်းဆိုတဲ့
မျက်နှာဖုံး လှလှ လေးများ ဆင်မြန်းပေးမိသေးလားဗျ....
တစ်ခုခု ကြုံလာခဲ့ရင် ပုံပြင်ထဲက သူဋ္ဌေးကြီးလို
ကူညီမယ့်လူ ပေါ်လာမယ်လို့များ မျှော်လင့်နေမိသလားဗျ ?
ကျွန်တော်တို့ တစ်ယောက်ချင်း အတွက် ...
ကျွန်တော်တို့တစ်မိသားစုချင်း အတွက် ...
ကျွန်တော်တို့ မျိုးနွယ်စု တစ်စုချင်း အတွက် ..
ကျွန်တော်တို့ နိုင်ငံ ကြီး အတွက် ...
ကျွန်တော်တို့ ကမ္ဘာ ကြီး အတွက် ...
ကယ်တင်ရှင်ကို မှီခို နေကြမိသလား ...
ကိုယ့် ဟာကို အချိန် တိုင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြမိသလား...
ဒီပုံပြင်ကနေ စဉ်းစားစရာက
ကျွန်တော်တို့ဟာ ...
တံငါသည်လို စောစောစီးစီး နားမလား...
သူဋ္ဌေးကြီးလို များများစားစား အရင် ကြိုးစားပေးဆပ်မလား..
သူဋ္ဌေးကြီးရဲ့ လက် သွားရာ ကို
ငေးမော ကြည့် နေ ရတဲ့ ...
တံငါသည် တစ်ယောက် ...
တံငါသည် တစ်စု...
တံငါသည် တစ်မျိုးသား တစ်နိုင်ငံလုံး ရဲ့ ဘဝ ဟာ.....
...................................
..................................
.............................
လေးစားလျှက်
ကိုဇင်ဇေ
No comments:
Post a Comment