မြန်မာနိုင်ငံတွင်
အချမ်းသာဆုံးသော ခရိုနီဘီလျံနာများ၊ အလယ်အလက်တန်းစား
ကုန်သည်ပွဲစားလုပ်ငန်းရှင်များ၊ ပုံမှန်လည်ပတ်မှုဖြင့်ရှင်သန်နေသော
လူလတ်တန်းစားများ၊ သာမန်လက်လုပ်လက်စား အခြေခံလူတန်းစားများဟူ၍
လူတန်းစားလေးမျိုးရှိလေသည်။
ထိုလေးမျိုးတို့တွင် ဘီလျံနာများ၏ ဘ၀ရပ်တည်မှုသည်
နိမ့်ကျသွားသည်ဟူ၍မရှိပေ။ ၎င်းတို့သည် များစွာသောဘ၀အရေးတို့ကို ငွေကြေးဖြင့်
အကာကွယ် တံတိုင်းပြုလုပ်ကာ လက်ရှိအဆင့်ကို ထိန်းထားနိုင်ကြသည်။
အလယ်အလတ်တန်းစားများသည်လည်း ၎င်းတို့၏လုပ်ငန်းနှင့် အသက်မွေးမှု
အတတ်ပညာတို့ကို ၎င်းတို့၏မျိုးဆက်သစ်များအတွက် အမွေခံအဖြစ်
ချန်ရစ်ပေးနိုင်ကြသည်။ အထက်ပါလူတန်းစားနှစ်မျိုးသည် ကျဆုံးခြင်းနည်းပါးသော
လူတန်းစားများဖြစ်သည်။
တတိယမြောက်လူလတ်တန်းစားများသည် ၎င်းတို့၏ ဘ၀တိုးတက်ရေးလမ်းကို ပညာဖြင့်
တည်ဆောက်ဖန်တီးလေ့ရှိကြသည်။ ပညာဆိုရာ၌ အတန်းပညာအပြင်
အသက်မွေးမှုအတတ်ပညာတို့လည်း ပါဝင်ပေသည်။
အခြေခံလူတန်းစားများသည်ကား နိစ္စဓူဝ စား,၀တ်,နေရေးတို့ကို
ဖြည့်ဆည်းခြင်းဖြင့်သာ ၎င်းတို့၏အချိန်များကို ကုန်လွနစေခဲ့ရရှာသည်။
သားသမီးများကို ပညာသင်ပေးရန်၊ ထောက်ပံ့ပေးရန်ဝေးစွ ၎င်းတို့ကိုယ်တိုင်ပင်
အသုံးလုံးကျေအောင် မနည်းလုံးပမ်းခဲ့ကြရသူများသာဖြစ်ကြလေသည်။ ထို့သို့သော
အခြေခံလူတန်းစားများ၏ ဘ၀တိုးတက်ရေးထွက်ပေါက်အဖြစ် ပရဟိတကျောင်းများ
ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အတန်းကျောင်းများနှင့်ကျူရှင်များတွင် အတတ်ပညာကို
အဓိကထား၍ သင်ကြားပေးလေ့ရှိကြသည်။
ဘုန်းတော်ကြီးသင်ပရဟိတပညာရေးကျောင်းများသည်ကား အတတ်ပညာများအပြင်
အသိပညာများကိုပါထည့်လောင်း၍ ကျောင်းသူ,ကျောင်းသားများ၏ ဘ၀နှင့်ပညာကို
ညှိပေးကြသည်ကို မြန်ပြည်တလွှား နေရာအနှံ့အပြား၍ တွေ့မြင်နိုင်ပေသည်။
ပညာရေးသည် အခြေခံလူတန်းစားတို့၏ဘ၀ကို အချိုးအကွေ့အဖြစ်ပြောင်းလဲနိုင်သော
တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းခွင်၌
ကျင်လည်လိုသော် အရင်းအနှီးငွေကြေးသည် အလွန်အရေးပါ၏။ အရင်းအနှီးပြုလုပ်ရန်
ငွေကြေးမရှိသော် ကိုယ်တတ်သောပညာကို အရင်းအနှီးပြုလုပ်ကာ ဘ၀တိုးတက်ရေးကို
တည်ဆောက်ကြရပေမည်။ ငွေကြေးသက်သက်ဖြင့် ရင်းနှီးခြင်းနှင့်
ပညာဖြင့်ရင်းနှီးခြင်း နှစ်မျိုးတို့တွင် လုပ်ငန်း၏အတက်အကျတို့ကို
ပြုပြင်ပြောင်းလဲရာ၌ ပညာသည်သာ ပိုအရေးပါ၍ အရာရာကို မျှတစေနိုင်ကြောင်းကို
အခြေခံမှတက်လာသော စီးပွားရေးလုပ်ငန်းရှင်တို့ကို ကြည့်ရှုလေ့လာကြည့်လျှင်
သိနိုင်ပါသည်။
ဘုရားရှင်လက်ထက်တော်တွင် ဃောသကသူဌေးလောင်းလျာသည် စာမတတ်ခဲ့သောကြောင့်
ကိုယ့်သေတွင်းကိုယ်တူးမည့်စာပဏ္ဏာကို သယ်ဆောင်ခဲ့ရရှာ၏။
ပါရမီဖြည့်ဖက်သူဌေးသမီး၏ လိမ္မာပါးနပ်မှုကြောင့်သာ
အသက်ရှင်သန်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ပိဋကတ်တော်တို့တွင်
တွေ့မြင်နိုင်ပေသည်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်း ချစ်တီးကုလားတို့သည် စာမတတ်သော
မြန်မာပြည်သား တောင်သူလယ်သမားတို့ကို အတိုးပေးစာချုပ်တို့ကို ကြက်ခြေခက်
လက်မှတ်ထိုးနည်းတို့ဖြင့် လိမ်လည်လျက် လယ်မြေအမြောက်အများနှင့်
ခိုင်းနွားများ, ခြံမြေများအပြင် သမီးပျိုများကိုပါ သိမ်းယူခဲ့ကြသည်ကိုလည်း
မမှိန်သေးသော သမိုင်းအထောက်အထားများမှ သိရှိနိုင်ပေသည်။ ဤသည်မှာ
စာမတတ်သောကြောင့် သမိုင်းတွင် အမည်းစက်ထင်ခဲ့ရသော သာဓကများစွာအနက်
တစ်စိတ်တစ်ဒေသသာ ဖြစ်ပေသည်။
ထိုခေတ်ထိုအခါတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိသော်လည်း
အင်္ဂလိပ်တို့သည် မြန်မာတို့၏မျိုးချစ်စိတ်နှင့် ဘာသာရေးအသိစိတ်တို့ကို
ရိုက်ချိုးရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို ပိတ်ပင်ခဲ့သည်။
နှောင်းပိုင်းခေတ်တွင် နတ်မှီတောရဆရာတော်ဦးဥက္ကဋ္ဌ၏
နေရှင်နယ်ပရဟိတကျောင်းမှလွဲလျင် မြန်မာနိုင်ငံ၌
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မရှိသလောက်ပင် ရှားပါးခဲ့ရသည်။
ထို့ပြင် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခန်းကဏ္ဍသည် ကျလိုက်တက်လိုက်ဖြင့်
မတည်မငြိမ်ရှိနေခဲ့သည်။ သို့သော် ယနေ့ခေတ်အခြေအနေတွင်မူ အဘက်ဘက်၏
ပံ့ပိုးကူညီမှုဖြင့် ပြန်လည်ဦးမော့လာခဲ့ပေပြီ။ လက်ရှိအခြေအနေသို့ရောက်ရန်
ရှေးလူများ များစွာကြိုးပမ်းခဲ့ကြရပေသည်။
သက်မှတ်ချက်စည်းကမ်းများပြည့်စုံလျှင်
ဘုန်းတော်ကြီးသင်ပရဟိတပညာရေးကျောင်း ဖွင့်ခွင့်ရပြီဖြစ်သော်လည်း
ငွေကြေးနှင့်အခြားအခက်အခဲများကြောင့် ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူပေ။
လမ်းတစ်ဝက်တွင် ကျရှုံးပြိုပျက်ခဲ့သောကျောင်းများ များစွာရှိပေသည်။
ကောင်းမွန်သောလမ်းစဉ်, စစ်မှန်သောလုပ်ဆောင်မှု, နောက်ခံအလှူရှင်များနှင့်
ဦးဆောင်သူဆရာတော်စသော အရည်အသွေးအားလုံးတို့
ပြီးပြည့်စုံသောကျောင်းတို့သည်သာ မယိမ်းမယိုင်
ခိုင်ခိုင်ရပ်တည်နေနိုင်ကြသည်။
ဘုန်းတော်ကြီးသင်ပရဟိတပညာရေးကျောင်းများတွင် အတတ်ပညာ(လောကီ)အပြင်
အသိပညာ(လောကုတ္တရာ)တို့ကိုလည်း သင်ယူလေ့လာနိုင်ပေသည်။ လောကတွင်
တတ်သိသူများသော်လည်း သိတတ်သူရှား၏။ ကြီးပွားရန်
နည်းလမ်းအမျိုးမျိုးရှိသော်လည်း လမ်းမှန်လျှောက်သူရှား၏။ စာတတ်ရုံမျှဖြင့်
လောကကို ခြေဆန့်ရန်မလုံလောက်ပေ။ စိတ်ကောင်းရှိဖို့လိုသည်၊
ရိုးသားဖို့လိုသည်၊ စာနာတတ်ဖို့လိုသည်၊ ကိုယ့်လူမျိုးအချင်းချင်း
လက်တွဲခေါ်ယူဖို့လိုသည်။ ဖော်ပြပါ အရည်အချင်းတို့ကို
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင်သာ အများဆုံး သင်ပေးလေ့ရှိကြသည်။
ရှေးမြန်မာမင်းများ အုပ်ချုပ်စဉ်အချိန်တွင်
ဘုန်းတော်ကြီးကျောင်းများတွင် ပွဲကျောင်းကဲ့သို့သော
လက်ရုံးရည်အတတ်ပညာများကို သင်ကြားပေးသောကျောင်းများ ရှိခဲ့သည်ကို
သမိုင်းမှတ်တမ်းများမှ သိရှိခဲ့ရသည်။ သို့သော်လည်း
တိုက်ရိုက်သင်ပေးခြင်းမဟုတ်ပေ။ ဆော့ကစားချိန်များ၌ အမှတ်မထင်
သင်ကြားပေးကြခြင်း ဖြစ်သည်။ ထုတ်စည်းထိုးကစားနည်းသည်
ဝိုင်းပိတ်ထားသောရန်သူများကို မည်ကဲ့သို့ထိုးဖောက်ရမည်ကိုပြသသော
ဥပမာကစားကွက်ဖြစ်သည်။ ထိုထုတ်စည်းထိုးကစားနည်းတွင် ထမင်းရည်ပူလောင်သော
အကွက်တစ်ကွက်ပါ၏။ ဤအကွက်သည် လောကတွင် စည်းကမ်းသည် မည်မျှအရေးပါပုံနှင့်
စည်းကမ်းဖောက်လျှင် နည်းလမ်းလွဲမည်၊ နည်းလမ်းလွဲလျှင်
ကျရှုံးမည်ဟူသောသာဓကကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ တုတ်တန်းပေါ်တွင်ထိုင်၍
အုန်းသီးရိုက်ကစားနည်းသည်လည်း မြင်းပေါ်မှရန်သူကို
မည်ကဲ့သို့တိုက်ခိုက်ရမည်ဟု ရည်ရွယ်ထားသော ကစားနည်းဖြစ်ပေသည်။
ထိုကဲ့သို့သောကစားနည်းများမှ စစ်ရေးအတတ်ပညာ ဗဟုသုတများစွာကို လူငယ်တို့အား
အမှတ်မထင် သင်ယူစေခဲ့သည်ကို တွေ့ရှိရပါသည်။
အတန်းစာမေးပွဲတွင် ဂုဏ်ထူးထွက်သူတိုင်း ဘ၀စာမေးပွဲတွင်
ဂုဏ်ထူးမထွက်နိုင်ကြပေ။ အချို့သောကျောင်းတို့တွင်
ကျောင်းသူ,ကျောင်းသားတို့အား ဂုဏ်ထူးများရအောင် မွေးထုတ်ပေးနိုင်ကြသည်။
သို့သော် မိဘများအပေါ် လေးစားတတ်မှုပညာ, မိဘများ၏ရပ်တည်မှုကို
နားလည်ပေးတတ်မှုပညာ, အသက်ကြီးသောမိဘများကို
မည်ကဲ့သို့စောင့်ရှောက်ရမည်ဟူသောပညာ, ယဉ်ကျေးမှုကို
ထိန်းသိမ်းခြင်းပညာစသော….စသော ပညာတို့ကိုကား မသင်ပေးကြချေ။
ထိုပညာရပ်များကိုလည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လေ့လာသင်ယူ
ခံစားနိုင်ပေသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ငွေကြေးထက် စေတနာတေးဖြင့်
လူငယ်တို့၏ဘ၀ကို လန်းဆန်းစေသော နေရာကောင်းဖြစ်သည်။
ကျောင်းသူ,ကျောင်းသားတို့အတွက် အသိ/အတတ် ဘက်စုံကို အခငွေကြေးပေးစရာမလိုဘဲ
တန်ဖိုးနည်းနည်းဖြင့် ပစ္စည်းကောင်းရနိုင်သော မြင့်မြတ်သောဈေးဖြစ်သည်။
စာတွေ့လျှက် မဖတ်တတ်လျှင် မြင်လျှက်နှင့် ကန်းသူ…ဆိုးဝါးသည်ဘ၀ဘေးမှ
ဝေးစေရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် ပရဟိတကျောင်းများ
ပေါ်ထွန်းထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုသို့သောကျောင်းများကို
တည်ထောင်သူဆရာတော်များကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုပူဇော်လိုက်ရပါသည်။ ။ ။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
သာသနတက္ကသီလဓမ္မာစရိယ
B.A(Buddhism-final)
No comments:
Post a Comment