Wednesday, March 19, 2014

ပရဟိတ ..ဆိုသည်မှာ..............?



ဗုဒ္ဓအလိုကျအားဖြင့် အတ္တဟိတ (မိမိအကျိုး) နှင့် ပရဟိတ (အများအကျိုး)
ကို အစဉ်အတိုင်း ဆောင်ရမည်ဟု ဟောတော်မူသည်။
ပရဟိတ (Philanthropy) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှု့အတွက် ရင်းနှီးမြှုပ်နှံမှုဟု ပြန်ဆိုလေသည်။ အများပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်း ဖြစ်သည်။ ပရဟိတ ဝေါဟာရသည် ၂၁-ရာစုတွင် ပို၍ခေတ်စားလာသည်။ Duke တက္ကသိုလ်ဆရာကြီး Greg Dees က`ကျွန်တော်တို့အားလုံး နေထိုင်ကြတဲ့ ကမ္ဘာကြီး တိုးတက်ကောင်းမွန်ရေးအတွက် ငွေကြေး၊ အချိန်၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်သူများကို ရွှေ့ပြောင်းနေရာချထားခြင်း´ဟု အကောင်းဆုံး အနက်ပြန်ထားပေသည်။

ပုဂ္ဂိုလ် ၄ ယောက်

1. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊

2. ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊

3. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊

4. ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊

ကမ္ဘာကြီးထဲရှိ လူသား သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီလေးမျိုးသာ ရကြောင်းဟောပြတော်မူပါသည်။ ထို လေးဦးထဲတွင် ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတ လည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူသည်။
ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့် မဖြစ်နိုင်သည့်အတွက် ဖြစ်သည်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ဒီလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။



ပရဟိတ မွန်မြတ်လှ



* နွမ်းပါးရှာသူ ချို့တဲ့သူကို

ကူညီမစ ထောက်ပံ့ကြသည်

ပရဟိတ မွန်မြတ်လှ။



* မိဘမဲ့သူ ကံဆိုးသူကို

ကူညီယုယ ပြုစုကြသည်

ပရဟိတ မွန်မြတ်လှ။



* မသန်စွမ်းသူ အားနွဲ့သူကို

ကူညီဖေးမ ပံ့ပိုးကြသည်

ပရဟိတ မြတ်မြတ်လှ။



* မကျန်းမာသူ နာသောသူကို

ကူညီစောင်မ စောင့်ရှောက်ကြသည်

ပရဟိတ မွန်မြတ်လှ။



* ပညာနည်းသူ ဉာဏ်မွဲသူကို

ကူညီတွဲကြ အလင်းပြသည်

ပရဟိတ မွန်မြတ်လှ။



* ကွယ်လွန်ရှာသူ သက်မဲ့သူကို

ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်

ပရဟိတ မွန်မြတ်လှ။



* ဘ၀ခရီး လမ်းမကြီးကို

အသီးသီးသူငါ လျှောက်လှမ်းရာဝယ်

မောရှာပန်းရှာ များလှစွာကို

စာနာဖေးမ ကူညီကြသည်

ပရဟိတ မြတ်အလှတည့်

ပြုကြပုဂ္ဂိုလ် များထိုထို၏

ကုသိုလ်ကောင်းမှု အစုစုကို

သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
မင်းမြတ် အာကာ

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ