ငွေကြေးသိန်းသောင်း
အကုန်ကျခံပြီး လှူဒါန်းသည်မှသာ ပရဟိတ မဆိုလိုနိုင်ပါဘူး။
ကားရထားစီးသွားရင်း နေရာထိုင်ခင်းခြင်း၊ ဆာလောင်နေသူအတွက် မိမိမှာရှိတဲ့
အစားအစာကို ပေးကမ်းလှူဒါန်းခြင်း၊ လမ်းခရီးတွင် ဆူးညှောင့်ခလုတ်တွေကို
ဖယ်ရှား သုတ်သင်ပေးခြင်း အစရှိသဖြင့်
ငွေကြေးမြောက်များစွာကို ကုန်ကျစရာမလိုဘဲ မိမိ၏ စိတ်ရင်းစေတနာ
မှန်ကန်စွာဖြင့် လူသားအကျိုးပြုလုပ်ငန်းများစွာ တို့သည်လည်း ပရဟိတမည်သော
ပရဟိတပင် ဖြစ်ပါတယ်။
ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ကြသူတွေ၊ လောဘ၊ ဒေါသ၊ မောဟ တရားတွေ နည်းပါးနေကြပြီဖြစ်တဲ့ မေတ္တာနှလုံးသား ပိုင်ရှင်ပါဘဲ။ မည်သို့ပင်ဆိုစေကာမူ ရတောင့် ရခဲလှစွာသော လူ ဖြစ်လာရသည့် ဘ၀ အခိုက်အတန့်တွင် လူပီသရန် လွန်စွာလိုအပ်လှသည်။ လူဖြစ်လာသည့် ဘ၀ တွင် မိမိတတ်နိုင်သမျှ လူသားဆန်သည့် အပြုအမူ၊ အကျင့်အကြံ၊ ကိုယ်ချင်းစာစိတ် ထားရှိရန် အများကောင်းကျိုး၊ လောကအကျိုး သယ်ပိုးဆောင်ရွက်ရန်မှာ လူသားတိုင်း၏ တာဝန်ဟုသာ ဆိုချင်ပါသည်။
ပရဟိတ ၀န်ထမ်းနေကြသော လက်တွဲဖော် လက်တွဲဖက် ပရဟိတမိတ်ဆွေ အားလုံးကို ဖယောင်းတိုင်ဖြင့် တင်စားညွှန်းဆိုပါရစေ။ မိမိကိုယ်တိုင် အရည်ပျော်ခံ အလောင်မြိုက်ခံ၍ လောကအလှအား အလင်းရောင်ပေး၍ ပုံဖော်ပေးဆပ်နေသူများသည် ဖယောင်းတိုင်ကဲ့သို့ အောက်ခြေတွင် အလင်းရောင် မတောက်ပ နိုင်သော်လည်း မိမိနှင့်သက်ဆိုင်သော လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အား ပင်ကိုယ် ရောင်စဉ်ညှိ၍ ထွန်းတောက်မြဲ ထွန်းတောက်နေသူများ ဟူ၍သာ ။ ။

ဓမ္မ၀ီရအရှင်ခမာဝုဓ
No comments:
Post a Comment