Friday, January 3, 2014

◄◄ မောင်ရွှေဂဲ ►►


ကျွန်တော့်နာမည်မောင်ရွှေဂဲပါ
လမ်းကြိုလမ်းကြားအမှိုက်ပုံနားမှာရှိပါတယ်။
သူငယ်တန်းမှာသင်လာရတဲ့
❝ကြက်တူရွေး❞ကဗျာကိုအရမ်းကြိုက်ပါတယ်။
❝ ၀လုံးရေးဘို့ညီလေးထိုင်...ရွှေဂဲမရေးနိုင်
ငေးမှိုင်ရှာပေါ့ကြက်တူရွေး၊ရွှေဂဲကြက်တူရွေး ❞
ဆိုတဲ့အပိုဒ်ကိုပိုကြိုက်ပါတယ်။
ညီပုလေးတို့ကျောင်းတက်ချိန်မှာ
မောင်ရွှေဂဲတို့ဝမ်းစာရှာ
ဘယ်မှာစာရေးနိုင်မလဲဗျာ
ငေးမှိုင်နေတာအပြစ်လားလို့မေးချင်တယ်။
ညီပုလေးတို့ကျူရှင်ခတွေ
အားကစားကြေးတွေ။စာအုပ်ဖိုးတွေ
လက်ဖြန့်တောင်းနေချိန်မှာ
မောင်ရွှေဂဲတို့ကိုယ့်ဝမ်းကိုယ်ရှာ
ကိုယ့်အသက်ကိုယ်မွေး
အိမ်ကိုပိုက်ဆံပေးနိုင်ပါတယ်။

သင်္ချာအလီမသိပေမယ့်
ဗူးခွံ(၁၀)လုံးဘယ့်လောက်နှုန်းတော့သိပါတယ်။
အမှုတစ်ရာမပွေဘူးပေမယ့်
အိမ်ကြီးရှင်ငေါက်တာလည်းခံဘူးပါတယ်
ရဲကဖမ်းလို့အချုပ်ခန်းလဲစံဘူးပါတယ်
သူငယ်ချင်းတွေက၀ိုင်းဟားတာလဲခံဘူးပါတယ်။
ပိုက်ဆံတွေစုပြီးကျောင်းပြန်နေမယ်လို့
အကြိမ်ကြိမ်အခါခါစိတ်ကူးယဉ်ပါတယ်။
တစ်နှစ်စာတောင်မပြည့်တာမို့
အကြိမ်ကြိမ်အခါခါပျက်ဘူးပါတယ်။
ကျောင်းဝတ်စုံမြင်တိုင်း
ခေါင်းလောင်းသံကြားမိတိုင်း
ကျောင်းနားလေးရောက်တိုင်း
အမေ့ကိုလည်းမေး၊တွေ့တဲ့လူတိုင်းမေး
သားတို့လိုကလေးတွေကျောင်းနေနိုင်ကြပါဦးမလားလို့...။
အမေကလည်းမဖြေနိုင်
အခြားသူတွေလည်းမဖြေနိုင်
ငေးမှိုင်ရှာပေါ့ကြက်တူရွေး၊ရွှေဂဲကြက်တူရွေး။ ။
Ashin Issariya (အရှင်ဣဿရိယ)

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ