Sunday, October 19, 2014

“အလိုဆိုးခြင်း၊အလိုကြီးခြင်း”



ကောင်းတဲ့အလုပ် လုပ်နေပေမယ့်
အထင်ကြီးခံချင်လို့ လုပ်တယ်ဆိုရင် အလိုဆိုးပဲ။
အလုပ်က ကုသိုလ်အလုပ်၊
စိတ်ထားက မရိုးသားတဲ့စိတ်ထားဆိုရင်
အဲဒီ “ကုသိုလ်” အလုပ်ကို အလိုဆိုးနဲ့ လုပ်နေတာပါပဲ။
●သိန်းတွေ ရာချီထောင်ချီပြီးတော့ လှူတယ်။
ဒါနကုသိုလ်ရချင်လို့ မဟုတ်ဘူး။
တစ်ဖက်သား အကျိုးရှိသွားစေချင်လို့ မဟုတ်ဘူး။
သံသရာခရီးလမ်းအတွက် ရိက္ခာရချင်လို့ မဟုတ်ဘူး။
မဂ်ဖိုလ်နိဗ္ဗာန် အထောက်အပံ့ ဖြစ်ချင်လို့ မဟုတ်ဘူး။
သူများအထင်ကြီးခံချင်လို့ လှူတယ်။
ဘွဲ့တံဆိပ်တွေ ရချင်လို့ လှူတယ်။
အလိုဆိုးပါပဲ။
●ပစ္စုပ္ပန်လောလောဆယ် လူမှုအခွင့်အရေး၊
စီးပွားအခွင့်အရေးတွေ ရချင်လို့ တစ်ဖက်က
လာဘ်ထိုးတဲ့သဘောမျိုးနဲ့ လှူတယ်။
အလိုဆိုးပါပဲ။
●သမထ၀ိပဿနာကျင့်တာမှရယ်လို့ မဟုတ်ဘူးနော်။
ကောင်းတဲ့အလုပ်တွေ လုပ်တယ်။
အထင်ကြီးခံချင်လို့၊ ချီးမွမ်းခံချင်လို့၊
အခွင့်အရေးတွေ လိုချင်လို့ လုပ်တယ်ဆိုရင် အလိုဆိုးပဲ။
ဒီအလိုနဲ့ ပတ်သက်တဲ့ သဘောလေးမျိုးမှာ
အဆိုးဆုံးကတော့ ပါပိစ္ဆလို့ခေါ်တဲ့ အလိုဆိုးပဲပေါ့။
အဲဒါကတော့ ရှောင်ကို ရှောင်ရမှာပဲနော်။
အလိုဆိုးတာနဲ့ အလိုကြီးတာနဲ့ နှစ်ခုကို
ယှဉ်ပြီးတော့ ပြောမယ်ဆိုရင်
“အလိုဆိုးတယ်”ဆိုတာက ကိုယ့်မှာ
ထင်ရှားမရှိတဲ့ဂုဏ်ကို ထင်ရှားရှိယောင်ဆောင်ပြီးတော့
ပစ္စည်းလာဘ်လာဘရအောင် လုပ်တာ။
ထင်ပေါ်ကျော်ကြားမှုရအောင်လုပ်တာ။
“အလိုကြီးတယ်” ဆိုတာကျတော့ ကိုယ့်မှာ
တကယ်ထင်ရှားရှိတဲ့ဂုဏ်ကို သူများသိအောင် လုပ်ပြီးတော့ …။
ပစ္စည်းလာဘ်လာဘ ရအောင် လုပ်တာ၊
ထင်ပေါ်ကျော်ကြားမူ ရအောင်လုပ်တာ။
●မရှိတဲ့ဂုဏ်ကို အရှိလုပ်တာ အလိုဆိုး၊
●ရှိတဲ့ဂုဏ်ကို အရှိအတိုင်း ဖော်တာ အလိုကြီး။
မရှိတာ ခေါ်ရင် အလိုဆိုး၊ ရှိတာဖော်ရင် အလိုကြီး။
ဒီတော့ မရှိတာကိုလည်း မခေါ်ပါနဲ့။ ရှိတာကိုလည်း မဖော်ပါနဲ့။
ငါ့မှာ သဒ္ဓါတရား ရှိတယ်။
သဒ္ဓါတရားရှိတယ်ဆိုတာ လူတွေ သိပါစေ။
ငါ့မှာ သီလရှိတယ်။ သီလရှိတယ်ဆိုတာ လူတွေ သိပါစေ။
ငါစိတ်ကောင်းရှိတယ်။ စိတ်ကောင်းရှိတယ်ဆိုတာ လူတွေ သိပါစေ
စသည်အားဖြင့် ကိုယ့်မှာ ဂုဏ်ကတော့ တကယ်ရှိတာ အမှန်ပါပဲ။
ဒါပေမဲ့ ရှိတဲ့ဂုဏ်လေးကို သူများသိအောင်
လိုက်ပြီးတော့ ကြွားတယ်ဆိုရင်လည်း “အလိုကြီး”တာပါပဲ။
ဒါလေးကလည်း အထူးသတိပြုဖို့ လိုတယ်။
“သူတစ်ပါးကို ထိပါးပုတ်ခတ်ရခြင်းမှာ နှစ်ခြိုက်မွေ့လျော်သော”
ဆိုတဲ့ ဂုဏ်ပုဒ်ကို အမြတ်တနိုး သိမ်းပိုက်ထားတဲ့
တချို့ဖိုက်တာဘွဲ့ခံ ဝေဖန်ရေးသမားတွေရဲ့ စာတွေကို ကြည့်လိုက်ရင်
“သူများအကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း”
တွေချည်းပဲ လွှမ်းမိုးနေတာ တွေ့ရပါလိမ့်မယ်။
အလိုဆိုးတွေပါပဲ။
ပါပိစ္ဆဆိုတော့ ပါးပိတ်ချတယ်ဆိုတဲ့ အသံလေးနဲ့
ခပ်ဆင်ဆင်ပဲနော်။ ဟုတ်ပါတယ်။
ပါပိစ္ဆပုဂ္ဂိုလ်ဟာ ကိုယ့်ပါးကိုယ် ပိတ်ချတာနဲ့ အတူတူပါပဲ။
ပစ္စုပ္ပန်မှာလည်း အထိနာမယ်။ သံသရာမှာလည်း အထိနာပါမယ်။
“အလိုနည်းခြင်းတရားမှာ မမေ့တဲ့ပုဂ္ဂိုလ်ဟာ
သမထ၀ိပဿနာတရားတွေ မဆုတ်ယုတ်ပါဘူး”တဲ့။
အလိုကြီးနေတဲ့အခါကျတော့ လောဘကိလေသာတွေ
အထင်အရှား ဖြစ်မနေဘူးလား။ လောဘကိလေသာ
တန်းလန်းကြီးနဲ့ တရားအားထုတ်နေတော့
သမာဓိတို့၊ ဥာဏ်တို့က ဖြစ်ပါဦးမလား။
လောဘစိတ်ကြီးက ၀င်နေတယ်ဆိုတော့ သမာဓိ မရတော့ဘူး။
သမာဓိမှ မရရင်တော့ ဉာဏ်ဆိုတာလည်း မပေါ်တော့ဘူး။
အဲဒီ မကောင်းတဲ့သဘောတွေ ဖြစ်နေလို့ရှိရင်
ကောင်းတဲ့အလုပ်လုပ်တာ ကိုယ်ကောင်းချင်လို့၊
ကိုယ်ကုသိုလ်ရချင်လို့ မဟုတ်တော့ဘဲနဲ့
ကိုယ်ကောင်းတာ လုပ်နေမှန်း သူများသိစေချင်လို့
လုပ်တာ ဖြစ်သွားတတ်ပါတယ်။
အဲဒါဆိုရင်တော့ ကောင်းတာလုပ်နေလျက်
တန်းလန်းနဲ့ကို ကုသိုလ်က မရဘဲနဲ့ ကိလေသာတွေပဲ ဖြစ်နေပါတယ်။
ကိလေသာဆိုတာလည်း အကုသိုလ်တစ်မျိုးပါပဲ။
အကုသိုလ်က နှစ်မျိုးရှိတာ။
ဒုစရိုက်အကုသိုလ်ရယ်၊ ကိလေသာအကုသိုလ်ရယ်။
ပါပိစ္ဆဆိုရင်တော့ ကိလေသာ အကုသိုလ်ကတော့
သေချာပေါက်ပဲ။ မတော်မတရားတဲ့နည်းတွေနဲ့ပါ
လာဘ်ရအောင်၊ ကျော်ကြားအောင် လုပ်ရင်တော့
ဒုစရိုက်အကုသိုလ်လည်း ပါသွားမှာပေါ့။
ရိုးရိုးသာမန်ပုဂ္ဂိုလ်၊ ကောင်းရာသုဂတိလောက်ပဲ
ရောက်ချင်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ ဒုစရိုက်အကုသိုလ်လောက်
ရှောင်ရုံနဲ့ ရတာပေါ့။ တကယ့်ကို တရားထူး တရားမြတ်
ရချင်တဲ့ပုဂ္ဂိုလ်၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုချင်တဲ့ပုဂ္ဂိုလ်၊
ပါရမီစစ်စစ် ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်တော့
ဒုစရိုက်အကုသိုလ်တွင် ကြောက်ရ၊ ရှောင်ရမှာ မဟုတ်ဘူး။
ကိလေသာ အကုသိုလ်လည်း ကြောက်ရ၊ ရှောင်ရမှာပဲ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ